Friday, July 23, 2010

တ--တက်ရေး ၁၂ မှ တ သတ်ကာရန်

တက်ရေး ၁၂-ခန်း။ ။ မြန်မာဘုရင်များလက်ထက် ရေတပ်အမှုထမ်းလှေတော်သားတို့၏ လှေလှော်နည်းယဉ်ကျေးမှု တက်ဆန်း ဆယ့်နှစ်ခန်းကိုဆိုသည်။
(၁) ရေပေါက်ကြဲဟန်၊
(၂) ပုလဲသီဟန်၊
(၃) ပန်းဝတ်ခြွေဟန်၊

(၄) ဟင်္သာဖို ၀ဲဟန်၊
(၅) ဟင်္သာအဖေါ်ခေါ်ဟန်၊
(၆) စင်ရော်သုတ်ဟန်၊
(၇) စင်ရော်ဝဲဟန်၊
(၈) အိမ်မိုးခြင်တင်ဟန်၊
(၉) နတ်သမီး ပန်းကုံးဟန်၊
(၁၀) နတ်သမီးပန်းကုံးဆင်ဟန်၊
(၁၁) ပန်းဆွတ်ခူးဟန်၊
(၁၂) ပန်းတောင်းချီဟန်။

တက်ရေး ၃၇-ပါး။ ။ မြန်မာဘုရင်မင်းမြတ်တို့ လက်ထက်တော်အခါက တော်သလင်း သစ်ဆင်းလရာသီ ရေသဘင်ပွဲတော်များတွင် တက်ရေး ၃၇-ပါး၊ တက်ချင်း ၃၇-ပါး၊ လျှောက်လူးတား ၃၇-ပါးတို့မှာ အလွန် ထင်ရှား၏၊ က၀ိလက္ခဏာဒီပနီ။ ဘုရားရှိခိုး၊ ရွှေလောင်းချီ၊ ရွှေလောင်းထွက်၊ ရွှေဖောင်ယှည်၊ တက်ကောက်၊ တက်မြှောက်၊ တက်တန်း၊
တက်စောင့်၊ တက်ထောင်၊ တက်ရှက်၊ (၁၀)
တက်ဝှက်၊ တက်ခပ်၊ တက်လှ၊ အိမ်မိုးခြင်တင်၊ စင်ရော်သုတ်၊ စင်ရော်ဝဲ၊ ၀မ်းဘဲတောင်ဖြန့်၊ ၀မ်းဘဲကန့်၊
လက်မြန်၊ ခေါ်တော်မူ၊ (၂၀)
နတ်သမီးပန်းဆွတ်၊ နတ်သမီးပန်းလှမ်း၊ နတ်သမီးပန်းတောင်း၊ စမ္ပာငုံ၊ သန်လျက်ထမ်း၊ ဆေးတံတော်ထိုး၊
ရာဇမတ်ကြီး၊ ရာဇမတ်ငယ်၊ နေရောင်ကာ၊ နေရောင်ပြ၊ (၃၀)
တင်းတိမ်ရံ၊ တင်းတိမ်လှစ်၊ သုံးချက်ပေါက်ပြန်၊ သုံးဖန်ချီ သုံးဖန်ချ၊ ဆင်စွယ်ဝန်းယှက်၊
ကိန္နရာတောင်ရှက်၊ ရွှေငှက်တောင်ခတ်၊ (၃၇)။



တက်သံအပြား၊ ၁၈-ပါး၊ ဆိုငြားဂီတလာ။ ။ ကဗျာလင်္ကာအရာတို့၌
ဆွဲ ငင် ရှည် လျား မြည် ဟိန်း ခြိမ်း ပြင်း ထုတ် သွင်း သွယ် ပြောင်း သံတို့ဖြင့် ရွတ်ဖတ်ရသော
အသံကို 'တက်သံ'ခေါ်သည်။ ၎င်းင်းကိုပင် ဂီတအရာ၌ 'ညာသံကြီး မူလသံ ပကတိသံ'စသည် ပညတ်ကြသေး၏။ အကျယ် 'ကဗျာဖွဲ့နည်း နိသျှည်း'ကျမ်း၌ ရှုလေ၊
"အာ ဤ ဦ ဧ သြော် အင် အဉ် အည် အန် အမ် အိန် အိမ် အုန် အုမ် အယ် အောင် အိုင် အိုဝ်"တို့ ဖြစ်၏။

တင့်တယ်စေသောအရာမျိုး ၄-ပါး။ ။
(၁) ရထား၌ အလံ၊
(၂) မီး၌ အခိုး၊
(၃) တိုင်းပြည်၌ မင်း၊
(၄) မိန်းမ၌ လင်၊
ရှိမှတင့်တယ်သည်ဟူ၏။ သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၃၉။ ဋ္ဌ။ ၉၁။ စူဠနိဒ္ဒေသ ပါဠိတော် ၂၁၃-တို့၌ အကျယ်ရှုပါ။

တစ်ဆယ့်ရှစ်ချက်၊ သံဃစက်၊ ရေတွက်အဘယ်နည်း။ ။ စက်ကြီး ၁၃-ပါး၌လာသော
စကားရပ်ဖြစ်သည်။ ၎င်းင်း၏သရုပ်အဓိပ္ပါယ်ကား
အရိယာသံဃာတော်ရှစ်ပါး၊
သမ္မုတိသံဃာတော်တစ်ပါး ပေါင်းသံဃာ ၉-ပါးနှင့်
သံဃဂုဏ် ၉-ပါး၊ ပုဂ္ဂိုလ်နှင့် ဂုဏ် ၂-ရပ်ပေါင်း ၁၈-ပါးကိုပင် "သံဃစက်"ဟု ခေါ်သည်။

တစ်ဆယ့်လေးချက်၊ ဓမ္မစက်၊ ရေတွက်အဘယ်နည်း။ ။ စက်ကြီး ၁၃-ပါးမှလာသော စကားဖြစ်သည်။
မဂ်တရား ၄-ပါး၊ ဖိုလ်တရား ၄-ပါးနှင့် တရားဂုဏ်တော် ၆-ပါး၊ ပေါင်း ၁၄-ပါးကိုခေါ်သည်မှတ်။

တည်ခြင်း ၅-ဖြာ၊ ၀န္ဒနာ၊ ခါခါဦးနှိမ်ချ။ ။
ဒူး ၂-ဘက်, လက် ၂-ဘက်, နဖူး, ဤငါးပါးကို အခင်းကြမ်းပြင် စသည်၌ ညီစွာတည်ခြင်းပြု၍ ရှိခိုးခြင်းမျိုးကို
"တည်ခြင်းငါးမျိုး ရှိခိုးခြင်း"ဟု ခေါ်၏။ "ကာယ၀န္ဒနာ- ကိုယ်ဖြင့်ရှိခိုးခြင်း"ဟုလည်း ခေါ်၏။

တဏှာ ၂-ပါး။ ။
(၁) ဧသနတဏှာ- ပစ္စည်းဥစ္စာရှာမှီးကြောင်း တဏှာ၊
(၂) ဧသိတ တဏှာ- ရရှိထားသော ပစ္စည်းဥစ္စာ၌ သာယာတပ်မက်နေမှုတဏှာ။
အကျယ် အင်္ဂုတ္တရ။ ဋ္ဌ။ တတိယအုပ်။ ၂၇၃-၌ ရှုပါ။

တဏှာ ၃-ပါး မျိုးအပြား။ ။ သုတ်ပါထေယျ။ ပါ။ ၁၈၁။ ဋ္ဌ။ ၁၇၀-၌ အကျယ်ရှုပါ။
(၁) ကာမတဏှာ-ကာမဂုဏ်အာရုံတွေကို တွယ်တာနှစ်သက်နေမှု၊
(၂) ဘ၀ တဏှာ- မိမိဘ၀ကို တပ်မက်, နှစ်သက်, သာယာမှုသဘော၊
(၃) ၀ိဘ၀ တဏှာ- ဤလောက၌ လူ နတ် ဗြဟ္မာသတ္တ၀ါဟူ၍မရှိ၊ ၎င်းင်းတို့ဘ၀လည်းမရှိ၊ ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုမျှသာရှိနေတာကိုပင် လက်ရှိ(ပညတ်အာရုံ) ဘ၀စွဲတန်းလန်းကြီးမှ ကင်းလွတ်ချင်တာကိုဝိဘ၀တဏှာခေါ်သည်။။
ပရမတ်အာရုံ ရုပ်နာမ်ခန္ဓာမှကင်းလွတ်ချင်တာကို နိဗ္ဗာန်ဟုမှတ်၊ ယောင်လည်လည် ဖြစ်တတ်သည်။

တဏှာအစစ် ၁၀၈။ ။ ဓမ္မသင်္ဂဏီ။ ပါ။ ၂၁၆။ ၀ိဘင်း။ ပါ။ ၄၀၆။ မူလပဏ္ဏာသ။ ဋ္ဌ။ ပ-အုပ်။ ၂၂၄။ အင်္ဂုတ္တရ။ ပါ။ ပ-အုပ်။ ၅၃၃။ ၎င်းင်း။ ဋ္ဌ။ ဒု-အုပ်၊ ၃၈၇-တို့၌ အကျယ်ရှုပါကုန်၊
ကာမတဏှာ, ဘ၀တဏှာ, ၀ိဘ၀တဏှာ, ၃-ပါးကိုတည်၍
ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ၊ ဤ အာရုံ ၆-ပါးနှင့် မြှောက် ၁၈-ပါးရ၏၊
၎င်းင်းကိုတည်၊ အတိတ်ကာလ, ပစ္စုပ္ပန်ကာလ, အနာဂတ်ကာလ, ဤကာလ ၃-ပါးနှင့် မြှောက်၊ ၅၄-ပါးရ၏။
၎င်းင်းကိုတည်၊ အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်, ဤသန္တာန် ၂-ပါးနှင့်မြှောက် ၁၀၈-ပါး ရ၏။

တတိယအက္ခရာ ၅-လုံး။ ။ ၀ဂ်ငါးပါးတို့တွင်ပါသော ၃ လုံးမြောက်ဖြစ်သည့်
'ဂ ဇ ဍ ဒ ဗ' အက္ခရာ ၅-လုံးကိုခေါ်သည်။

တစ်ထောင့်ငါးရာ ကိလေသာ။ ။ ၎င်းင်းသရုပ်အဓိပ္ပါယ် (ကိလေသာ ၁၅၀၀)ဟူသောသုတေသန
သရုပ်၌ဆိုပြခဲ့ပြီ။

တန်ခိုး ၁၀-ပါး၊ ဣဒ္ဓိများ၊ ထင်ရှားဖြေတော်မူ။ ။ ၎င်းင်းသရုပ်ကား (ဣဒ္ဓိမျိုး ၁၀-ပါး)နှင့် တူ၏။

တန်ခိုးတော်လာ၊ ပြာဋိဟာ၊ ၃-ဖြာအဘယ်နည်း?။ ။ ၎င်းင်းသရုပ် (ပါဋိဟာရိယမျိုး ၃-ပါး)၌ ရှုပါ။

တန်ဆာဆင်မှု ၁၄-ခု၊ လူထုနည်းယူရာ။ ။ ၎င်းင်းသရုပ်ကို (အဆင်တန်ဆာ ဆင်ရာအပြား ၁၄-ပါး)ဟူသောအမေး၌ ပြန်ရှုပါ။

တန်လိုင်း ၄-မျိုး။ ။ ဇမ္ဗူတံဆိပ်ကျမ်းမှ။
(၁) မွန်သိ၊
(၂) မွန်ညန်၊
(၃) မွန်တာ၊
(၄) မွန်နန် တို့ဖြစ်ကြ၏။
မှတ်ချက်။ ။ နောင်လာနောက်သားတို့က တန်လိုင်းဟူသော အရေးအသားကို အလွန်စက်ဆုတ်၍ 'မွန်' ဟုသာ
ရေးသားခေါ်ဝေါ်ကြကုန်၏။

တပည့်များအား၊ ဆုံးမငြား၊ ၅-ပါးစုံအင်ညီ။ ။ ၎င်းင်းသရုပ် (ဆုံးမခြင်းရာ၊ အင် ၅-ဖြာ)ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။

တပည့်ဝတ် ၅-ပါး။ ။ ဆရာအပေါ်၌ တပည့်များက ပြုကျင့်ရမည့်ဝတ်ငါးပါး။
(၁) ပညာသင်ကြားရာ၌ လုံလ၀ီရိယနှင့် ညီညာထကြွမှုရှိခြင်း၊
(၂) ဆရာ၏သင်ကြားပြသဆုံးမမှုတို့ကို လိုက်နာကျင့်ကြံရိုသေရခြင်း၊
(၃) ဆရာလာသော အခါ ခရီးဦးကြို အရိုအသေပေးရခြင်း၊
(၄) ဆရာ့ထံပါး၌ အမြဲမပြတ် ခစားလုပ်ကျွေးဆည်းကပ်ရခြင်း၊
(၅) ဆရာ့ထံပါး သင်ကြားပြီးပညာများကို မမေ့မပျောက်နိုင်စေရန် တွေးကြံ ရွတ်အံရခြင်း၊ မရသေးသော ပညာများကို သင်ကြားရခြင်း။

တပ်မတော်ဖွဲ့နည်း ၉-ရပ်။ ။ ရှေးခေတ် စစ်တပ်ဖွဲ့စည်းနည်း ၉-ရပ်၊ ပိုမိုထင်ရှားအောင် မဃဒေ၀လင်္ကာသစ်စကားဖြင့် ပြလိုက်သည်။
(၁) ပတ္တိတပ်- ရထားတစ်ဆောင်၊ ဆင်ပြောင်တစ်စီး၊ မြင်းသုံးစီးနှင့်၊ ရဲကြီး ငါးယောက်၊ နည်းစဉ် လျှောက်ဖြင့်၊ ထိုလောက်စစ်သည်၊ ပတ္တိမည်၏၊
(၂) သေနာမုခတပ်- ထိုသည်ပတ္တိ၊ သုံးပြန်ရှိက၊ ခေါ်ဘိသညာ၊ သေနာမုခ၊
(၃) ဂုမ္ဗတပ်-ထိုမုခအား၊ သုံးခုပွားသော်၊ မည်ငြား ဂုမ္ဗ၊
(၄) ဂဏတပ်- ဂုမ္ဗမြှောက်သုံး၊ ခေါ်ထုံး ဂဏ၊
(၅) ၀ါဟိနီတပ်- ဂဏသုံးလီ ၀ါဟိနီတည့်၊
(၆) ပုတနာ တပ်-၀ိဟိနီစစ်၊ သုံးပြန်ဖြစ်က၊တွင်လစ် ပုတနာ၊
(၇) စမူတပ်- ပုတနာဟူ၊ သုံးဆယူသော်၊ စမူမည်ငြား၊
(၈) အဏိကိနီတပ်-စမူအားလျှင်၊ မြှောက်ပွားတြိ၊ အဏိကိနီ၊
(၉) ခေါဘဏီတပ်- ယင်းဆယ်လီဖြင့်၊ ခေါဘဏီစစ်၊ ၉-ဆင့်ဖြစ်၏။

တမန်တော် ၃-စား။ ။ မြန်မာမင်းတို့၏ မင်းခန်းမင်းနားတွင်စေပါးသော အမတ် ၁၄-ပါးတို့အနက် တမင်းနှင့် တမင်း၊ တတိုင်းပြည်နှင့် တတိုင်းပြည်၊ တနန်းရင်းဝန်နှင့် တနန်းရင်းဝန် ဆက်ဆံကူးလူးရာဝယ်သုံးသော အမတ်မျိုးကို 'တမန်အမတ်'ဟုခေါ်ဆိုသည်။ ၎င်းင်းတမန်အမတ်သည်လည်း
(၁) တမန်ကြီး၊ (၂) တမန်လတ်၊(၃) တမန်ငယ်ဟု သုံးစားထားသေးရာ
ဂုဏ်တန်ခိုးအတန်းအစားမြင့်သော တိုင်းကြီးပြည်ကြီးမင်းများထံသို့ တမန်အတတ် ဂုဏ်သိရ်ပညာ
ကြီးရင့်လိမ္မာလှစွာသော တမန်ကြီးများကိုသာစေလွှတ်သည်၊
တိုင်းလတ် ပြည်လတ်မင်းများထံ တမန်လတ်များကိုစေလွှတ်သည်။
တိုင်းငယ် ပြည်ငယ် မင်းငယ်ကလေးများထံ တမန်အတတ်ပညာဂုဏ်စသည် သေးနုသေးသော တမန်ငယ်များကို စေလွှတ်သည်။

တမန်တော် ၅-ပါး၊ တစ်နည်း။ ။ ၎င်းင်းသရုပ်(သံတမန်မျိုး ၅-ပါး)၌ ရှုပါ။

တမန်တော် အင်္ဂါ ၆-ပါး။ ။ ၎င်းင်းသရုပ်ကို (သံတမန်အင်္ဂါ ၆-ပါး)၌ ရှုပါ။

တမန်တော် အင်္ဂါ ၈-ပါး၊ တစ်နည်း။ ။ အင်္ဂုတ္တရ။ ပါ။ ၃၇။ ဋ္ဌ။ ၂၁၆။ ၀ိနည်းစူဠ၀ါ။ ၃၆၄-တို့၌လာရှိသည်။တမန်တော်များ၌ အသင့်ရှိထားရမည့် အရည်အချင်းအင်္ဂါရပ် ရှစ်ပါး၊ တိုင်းတစ်ပါးသွားသံတမန်များလည်း လိုက်နာရမည်။
(၁) သောတာစ- သူပြောကြားသော သတင်းစကားကို အကင်းပါးစွာဖြင့် သိကြားလွယ်ရခြင်း၊
(၂) သာဝေတာစ- အရှင်ပြောကြားသော သတင်းစကားကို လုံးစေ့ပတ်စေ့ ပြန်ဆိုတင်ပြနိုင်ရခြင်း၊
(၃) ဥဂ္ဂဟေတာစ- အားထုတ်၍မှတ်သား လေ့လာရခြင်း၊
(၄) ဓာရေတာစ- ဆိုတိုင်း မှန်ကန်ခိုင်မြဲစွာ ဆောင်နိုင်ရခြင်း၊
(၅) ၀ိညာတာစ- အနက်အဓိပ္ပာယ် အရိပ်အခြည် လူရည်လူကဲကို ပါးနပ်စွာသိတတ်ရခြင်း၊
(၆) ၀ိညာပေတာစ-သူတစ်ပါးအား ကြားသိလွယ်စေအောင် ပြောဆိုတတ်ရခြင်း၊
(၇) သဟိတာ သဟိတ ကုသလ- အကျိုးရှိမဲ့ကို ဝေဖန်နှိုင်းညှိ တတ်သိလိမ္မာရခြင်း၊
(၈) န ကလဟ ကာရက- ငြင်းခုံ ခိုက်ရန် ဆန့်ကျင်မှုများ မပြုလုပ် မပြောဆိုရခြင်း။

တစ်ယောက်ထီးတည်း ကိန်းအောင်းရခြင်း အကျိုးဂုဏ် ၂၈-ပါး။ ။ ၎င်းင်းအကျယ် စိတ်ဝင်စားဖွယ်တို့ကို ဟံသာဝတီရိုက် "မိလိန္ဒပဥှာ ဘာသာပြန်" စာမျက်နှာ ၂၁၇-၌ ရှုပါလေ။

တစ်ရာ့တစ်ပါး၊ လူမျိုးများ၊ ဖြေကြားမြတ်အရှင်။ ။ ၎င်းင်းသရုပ်ကို (လူမျိုး ၁၀၁-ပါး)ဟူသော အမေး၌ရှုပါ။

တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းများ။ ။ ၎င်းင်းသရုပ်ကို (မင်းပေါင်း ၁၀၁)ဟူသောအမေး၌ ဖြေဆိုအံ့။

တစ်ရာ့ရှစ်ကွက်၊ စက်လက္ခဏာ၊ တစ်ရာ့ရှစ်ကွက်ဗုဒ္ဓစက်။ ။ ၎င်းင်း၏သရုပ်အဓိပ္ပါယ်ကို မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာလာ (စက်လက္ခဏာတော် ၁၀၈-ပါး)ဟူသော စကားရပ်၌ဖြေခဲ့ပြီ။

တစ်ရာ့ရှစ်န၀င်း။ ။
ဤ၌ "န၀င်း" နှင့် "၁၀၈-န၀င်း"တို့၏အထူးကား အဿဝဏီ ဘရဏီ ကြတ္တိကာ စသော ၂၇-သွယ် နက္ခတ်ကြယ်တို့တွင် တစ်သွယ်တစ်သွယ်၌ လေးပါဒ်စီရှိသောကြောင့် နက္ခတ် ၂၇-ကို ၄-ပါဒ်နှင့် မြှောက်သော် ၁၀၈-ပါဒ်ဖြစ်၏၊
၎င်းင်း ၁၀၈-ပါဒ်ကို ၁၂-ရာသီနှင့် အညီအမျှဖြစ်စိမ့်သောငှာ၊ ၁၂-ရာသီနှင့် စားသော်
တစ်ရာသီ တစ်ရာသီ၌ ၉ ပါဒ်အညီအမျှရကြ၏၊ တစ်ရာသီ တစ်ရာသီ ပါဒ်အစိတ် ၉-ခုကိုပင် "န၀င်း"ဟုခေါ်ဆိုလေသည်၊
သို့ဖြစ်ရကား ဆယ့်နှစ်ရာသီ န၀င်းအပေါင်းဖြစ်သော '၁၀၈-ပါဒ်'ကို 'တစ်ရာ့ရှစ် န၀င်း'ဟု ခေါ်ဆိုလေသည်။
၎င်းင်းန၀င်းဟူသော ဝေါဟာရ၏မူရင်းစကားကား 'န၀င်္ဂ'ဟူသော မဂဓဘာသာပင် ဖြစ်၍ န၀ အင်္ဂ ဟု ပုဒ်ခွဲပြီးလျှင် န၀ သဒ္ဒါကိုးခု ဟူသော အနက်၊ အင်္ဂ သဒ္ဒာကား အစိတ်ဟူသော အနက်တို့ကို ဟောသည်ဖြစ်ရကား "န၀င်း"ဟူသော ပါဠိပျက်စကား၏အဓိပ္ပါယ်ကို မြန်မာလို "တစ်ရာသီ တစ်ရာသီ၌ ရှိသော ပါဒ်စိတ် ၉-ခု"ဟု အဓိပ္ပာယ်ရလေသည်။

တရားအားထုတ်ခွင့်မရသော အခါကြီး ၅-ပါး။ ။ အရိယာအဖြစ်ရအောင် အားထုတ်ခွင့်မရသော ကာလကြီး ငါးပါးဟူ၏၊ ၎င်းင်းအဖြေ (ကမ္မဋ္ဌာန်းအားထုတ်ချိန်မဟုတ်သော အခါ ၅-ပါး) ၌ ရှုပါ။

တရားခံခေါ်၊ ရဟန်းတော်၊ ကျင့်နော်ဝတ် ၂-ပါး။ ။ ၎င်းင်းသရုပ် (စုဒိတက ကျင့်ဝတ် ၂-ပါး)ပုစ္ဆာ၌ ဆိုခဲ့ပြီ။

တရားဂုဏ်တော် ၆-ပါး။ ။ ဓမ္မဂုဏော အနန္တောဟုရှိသော်လည်း ပိဋကတ်တော်၌ထင်ရှား၍ မြတ်စွာဘုရားကိုယ်တိုင်အထပ်ထပ်ဟောတော်မူခဲ့သော ဤဂုဏ်တော် ၆-ပါးကိုသာ သုံးသပ်ကြ၏။
(၁) သွက္ခာတ ဂုဏ်တော်- စ လယ် ဆုံး သုံးပါးလုံးစုံအောင်ကောင်းသောဂုဏ်။
(၂) သန္ဒိဋ္ဌိက ဂုဏ်တော်- ကျင့်သူတို့အား ဘ၀မခြားဘဲ ဒိဋ္ဌမျက်မှောက် ကိုယ်တွေ့အကျိုး
ခံစားရသောဂုဏ်။
(၃) အကာလိကဂုဏ်- ကာလမရွေ့ ကျင့်သည့်နေ့ပင် မင်္ဂလာကောင်းကျိုး ဖြာဝေဖြိုးသော
ဂုဏ်။
(၄) ဧဟိပဿီကဂုဏ်- လာလှည့် ရှုလှည့် ကျင့်လှည့်စမ်းပါ လွန်ချမ်းသာ၏ဟု အစစ်ခံ
ခြင်းငှာ ထိုက်သောဂုဏ်။
(၅) သြပနေယိကဂုဏ်- မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင်
ကပ်၍ ဆောင်ထိုက် သောဂုဏ်။
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိဂုဏ်- အသီးသီးသောမိမိတို့သန္တာန်၌ ချမ်းသာပါပေ့ ကောင့်ပါပေ့ဟု ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာ ခံစားသိမြင်ရသောဂုဏ်တော်။

တရားဂုဏ်တော် ၆-ပါးခေါ်၊ ၄-ဖော်တရားကိုယ်။ ။ အထက်ပါဂုဏ်တော် ၆-ပါးသည် ဤတရားကိုယ် လေးပါးမှထွက်လာသည့် ဂုဏ်တော်များသာဟူ၏။
(၁) မဂ်တရား- ကိလေသာကိုသတ်တတ်သောတရား၊
(၂) ဖိုလ်တရား- ကိလေသာကို ငြိမ်းစေတတ်သောတရား၊
(၃) နိဗ္ဗာန်တရား- ဆင်းရဲခပ်သိမ်းငြိမ်းသောတရား၊
(၄) ပရိယတ်တရား- မဂ် ဖိုလ်ရရေး လမ်းညွှန်တရားစု။

တရားစီရင်၊ ပြန်တမ်းဝင်၊ မည်တွင် ၆-ပါး၊ သူကြီးများ။ ။ ပြန်တမ်း ဓမ္မသတ်ဝင် တရားသူကြီးမျိုး ၆-ပါး၊
(၁) ဘုရင်မင်းမြတ်၊
(၂) တရားလိုတရားခံ သဘောတူတင်မြှောက်ဆုံးဖြတ်ခိုင်းသော အနုညာတတရားသူကြီး၊
(၃) ရွာစားမြို့စား ရွာသူကြီး မြို့သူကြီး၊
(၄) ဘုရင်မင်းမြတ်ကခန့်ထားသော တရားသူကြီးများ၊
(၅) ကြပ်ဆင်ခုံညှိ တရားသူကြီး၊
(၆) အမှုဆောင်ရှေ့နေများ။

တရားတော်၏ နက်နဲခြင်း ၄-ပါး။ ။ ၎င်းင်းသရုပ်အဓိပ္ပါယ်ကို (ဂမ္ဘီရတရားကြီး ၄-ပါး)၌ ပြခဲ့ပြီ။

တရားနာရခြင်း အကျိုး ၅-ပါး။ ။ ပဉ္စင်္ဂုတ္တရ။ ပါ။ ၂၁၆။ ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို ရိုသေစွာ ကြားနာရသူတိုင်း ရရှိနိုင်သောအကျိုးများ။
(၁) မကြားဖူးသေးသည့် တရားသစ်ဆန်းတို့ကို ကြားနာရခြင်း၊
(၂) ကြားသိပြီးသားတို့ကို တဖန် ထပ်မံ ခိုင်မြဲသန့်ရှင်းစေခြင်း၊
(၃) အယူ အမြင် အတွေးအခေါ် ဝေဖန်မှု ဥာဏ်ဖြောင့်မှန်ခြင်း၊
(၄) နှစ်လုံး နှစ်ခွ ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း၊
(၅) စိတ်နှလုံး ချမ်းမြကြည်လင် ရွှင်ပြခြင်း။

တရားဟောဆရာတို့ အသံဆွဲချွဲ ရှည်ငင်ခြင်း အပြစ် ငါးပါး။ ။ ၎င်းင်းသရုပ် (ဓမ္မကထိကတို့ အသံဆွဲချွဲခြင်း အပြစ် ၅-ပါး)၌ ရှုပါ။

တရားမတု၊ ရန်မပြု၊ ၁၀-စု ရှောင်ရာဘယ်သူနည်း။ ။ ၎င်းင်းသရုပ်ကို (ရန်လည်းမဆိုင်၊ မပြိုင်တရား ၁၄-ပါး) ဟူသော အမေး၌ရှုပါ။

တရားမရနိုင်သူမျိုး ၁၆-ယောက်။ ။ ၎င်းင်းသရုပ်ကို (မဂ် ဖိုလ်မရနိုင်သူ ၁၆-ယောက်)၌ ရှုပါ။

တရားလိုခေါ်၊ ရဟန်းတော်၊ ကျင့်နော်ဝတ် ၅-ပါး။ ။ ၎င်းင်းသရုပ်ကို (စောဒက ကျင့်ဝတ် ၅-ပါး)ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။

တရားသူကြီး၊ ကျင့်သုံးမှီး၊ ထုံးနည်း အင် ၉-ဖြာ။ ။ တရားသူကြီး ခုံသမတ်ပြုလုပ်သူတို့ လိုက်နာတတ်သိ ပြည့်စုံထားရမည့် အင်္ဂါရပ်ကိုးပါးဟူ၏၊ မာနုဿိက ဓမ္မသတ်ကျမ်းရင်းနှင့် ၎င်းင်းဋီကာတို့၌လာသည်။
(၁) များသောသုတကြားနာမှုရှိခြင်း၊
(၂) ဆန်းကြယ်များပြားစွာ မေးစစ်တတ်ခြင်း၊
(၃) နူးညံ့သာယာ သူကြည်ဖြူစွာဆိုတတ်ခြင်း၊
(၄) တည်ကြည်ဖြောင့်မတ်၍ သီလရှိခြင်း၊
(၅) အမှုမှန်ကို ရဲဝံ့စွာစီရင်ဝံ့ခြင်း၊
(၆) ပိဋက ဗေဒင် ဓမ္မသတ်တတ်ခြင်း၊
(၇) စီရင်ထုံးနည်းများစွာတို့ကို မှတ်သားတတ်ခြင်း၊
(၈) သဘင်လယ်၌ တိကျမှန်ကန်စွာ ဆိုဝံ့ မိန့်ဝံ့ရှိခြင်း၊
(၉) လူမျိုးခြားတို့၏စာပေစကားကို တတ်သိနားလည်းခြင်း။
မှတ်ချက်။ ။ ဤ၌ တရားသူကြီး အင်္ဂါ ၃-ပါး၊ ၅-ပါး၊ ၇-ပါး၊ ၈-ပါး စသည်ဖြင့်လည်း ထိုထိုနီတိ ဓမ္မသတ်၌ လာရှိသေး၏။ သို့သော် ဤအင်္ဂါ ၉-ပါး၌ အကျုံးဝင်သည်သာ။

တရားသူကြီး၊ လက်သုံးမှီး၊ ၄-နည်းမဟာပဒေသ။ ။ ၎င်းင်းသုတေသနကို (မဟာပဒေသမျိုး ၄-ပါး၊ ၃-နည်း) ၌ ကြည့်ပါလေ။

တ ၀ဂ် ၅-လုံး။ ။
ဗျည်း ၃၃-လုံးတို့တွင် "တ ထ ဒ ဓ န" ၎င်းင်း ၅-လုံးအစုကိုခေါ်သည်။

တ သတ်ကာရန်၊ ရေးထုံးမှန်၊ ၃-တန်မြန်မာ့နည်း။ ။ မြန်မာသင်ပုန်းကြီးကျမ်းလာ တ ၀မ်းပူဖြင့်သတ်ရသည့် ဌာန ၃-ပါးဟူလို၊ "အတ် အိတ် အုတ်"တို့ဖြစ်ကြ၏၊ ၎င်းင်းကို ကာရန်ငယ်သံ ၆၄-ပါး၌ ကဗျာဆရာတို့ သွင်းယူကြ၏။

No comments:

Post a Comment