Saturday, July 24, 2010

ထ---ထင်ရှားတင့်တယ်သော မှ ထွက်လေ၀င်လေမရှိသူ

ထင်ရှားတင့်တယ်သော အရာမျိုး ၄-ပါး။ ။
(၁) ရထား၌ အလံ၊
(၂) မီး၌ အခိုး၊
(၃) တိုင်းပြည်၌ မင်း၊
(၄) မိန်းမ၌ လင်ရှိ၊
မှတင့်တယ်လျောက်ပတ်သည်ဟူ၏၊ သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၃၉။ ဋ္ဌ။ ၉၁။

ထန်းပင်ပရိယာယ်၊ ခေါ်ဆိုဖွယ်၊ ၆-သွယ် အမည်များ။ ။ ထန်းပင်၏အခိုက်အတန့်ကိုစွဲ၍ အမည် ၆-မျိုး ပြားသည်။ (၁) ကျေးမြီး- အညောင့်ပေါက်ပေါ်စ အရွက် ၂-ရွက် ၃-ရွက် ရှိသည့်အခါ၊
(၂) လက်မြှော်-ထန်းလက်ငယ်ပေါ်သည့်အခါ၊
(၃) ဆင်ခြေပေါ်- ဥက္ခောင်းပင်ခြေပေါ်သည့်အခါ၊
(၄) သမီးလှ- ပင်လုံးကို ထန်းပတ်အများ ရံပတ်လျက်ရှိသည့်အခါ၊
(၅) ရည်ရ- ထန်းနို့ထန်းသီး ထွက်သီးသောအခါ၊
(၆) ပင်ထွက်-ထန်းပတ်စင်၍ ပင်လုံးလက်ခတ်သာရှိသော အခါ? မျိုး၌ ခေါ်ဆိုသည်၊ ထို့ကြောင့် "ရတနာဗိမာန်ကျောက်စာ"တွင် "ကျေးမြီး လက်မြှော်၊ ဆင်ခြေပေါ် သမီးလှ ရည်ရ ပင်ထွက်"ဟု ရှင်မဟာသီလ၀ံသ ရေးသားတော်မူခဲ့သည်။



« ထိ »

ထိခြင်း ၅-ဖြာ၊ ၀န္ဒနာ၊ ပြုကာရှိခိုးကြ။ ။ ကိုယ်ဖြင့် ရှိခိုးမှုပြုသောအခါ ပုဆစ်ဒူးနှစ်ဖက် အခင်းကျမ်းပြင်၌ ထိရခြင်း၊ တစ်တောင်နှစ်ဖက် လက်ဖ၀ါးပါ အခင်းကြမ်းပြင်၌ ထိရခြင်း၊ နဖူး အခင်းကြမ်းပြင်၌ ထိရခြင်း ဟူ၏။ ၎င်းင်းကို
"ပဉ္စ ပတိဋ္ဌိတ ၀န္ဒနာ" 'တည်ခြင်း ၅-ပါး'ဟုလည်း ခေါ်ဆိုကြသေးသည်။

ထိမ်းမြားအပ်ငြား၊ လ ၆-ပါး၊ ညွှန်ကြားကျမ်းဗေဒင်။ ။ မင်္ဂလာဆောင်ကောင်းသော လ ၆-ပါးကို မေးလိုရင်းဖြစ်သည်။ ၎င်းင်းသရုပ်များကား (မင်္ဂလာဆောင်ရိုး၊ လ ၆-မျိုး၊ ကျိုးပြစ်မည်သို့ ရှိသနည်း)ဟူသော ပုစ္ဆာ၏ အဖြေနှင့် တူ၏။

ထိမ်းမြားမင်္ဂလာပြုခြင်း အမျိုးအစား ၃-ပါး။ ။ ၀ိနည်းပါရာဇိက အဋ္ဌကထာ၊ ဒုအုပ်၊ ၁၃၉-နှင့် အခြားသော ပိဋိကတ်တော်များမှ အာဝါဟနှင့် ၀ိဝါဟ ၂-ပါးကို ဖွင့်ပြထားကြသည်။ ထို့ပြင် ပညာရှိကြီးများက 'စရ' မင်္ဂလာတစ်ပါးထည့်၍ ၃-ပါးပြကြကုန်၏။
(၁) အာဝါဟ- ယောက်ျားအိမ်ယာသို့ မိန်းမကိုခေါ်ဆောင်လာပြီး ပြုသောမင်္ဂလာ၊
(၂) ၀ိဝါဟ- မိန်းကလေးနေရာ အိမ်ဂေဟာသို့ သတို့သားကိုခေါ်ဆောင်ကာ ပြုပေးသော မင်္ဂလာ၊
(၃) စရမင်္ဂလာ- မိမိနေရာအိမ်မှတစ်ပါး ကြီးကျယ်ခမ်းနားသော အဆောက်အဦးကြီးများ၌ ဆင်နွှဲပေးသောမင်္ဂလာ။

ထိမ်းမြားမင်္ဂလာမျိုး ၈-ပါး၊ တစ်နည်း။ ။ မနုဓမ္မသတ်မှ၊
(၁) ဗြဟ္မာ- ရာထူးဂုဏ်သိရ် ဓနရှိန် အမျိုးမြတ်တို့အား လေးစားပူဇော်သောအားဖြင့် သမီးပေးမင်္ဂလာပြုခြင်းမျိုး၊
(၂) ဒဒေယျ- လုပ်ရေးကိုင်တာ၌ ဖျတ်လတ်သေချာ၍ သဘောကျကာ သမီးနှင့်ပေးစားသောမင်္ဂလာ၊
(၃) ကိရိယာ- သူ၏ပစ္စည်း ဘဏ္ဍာ ရတနာ ရွှေငွေစသည်ကို ယူထားမိ၍ သမီးပေးခြင်းမျိုး၊
(၄) ပညာ- လူလိမ္မာပညာရှိအား မိမိသမီးကို လိမ္မာအောင်သွန်သင်ရန်ရည်မှန်း၍ ပေါင်းသင်းဖို့ ပေးစားလိုက်ခြင်းမျိုး၊
(၅) အသုတ- သူ၏လက်ဆောင်ဘဏ္ဍာတွေကို မရအရချူယူပြီး ဆွေမျိုးညာတိမျှမသိရအောင် သမီးကိုလက်သိပ်ထိုးလိုက်ခြင်းမျိုး၊
(၆) ဂန္တဗ္ဗာ- မိဘ ၂-ဦး ၂-ဘက် သဘောတူ၍ ကြည်ဖြူစွာပေးစားလက်ထပ်ခြင်း မင်္ဂလာမျိုး၊
(၇) အဗ္ဘာဟိတ- နိုင်ထက်ကလူ ဇွတ်အတင်းယူရမည်ဟု ညှဉ်းဆဲရိုက်နှိပ်၍ပေးစားခြင်းမျိုး၊
(၈) သာမဿာ- လူငယ်ချင်းချင်း မှောက်မှောက်မှားမှား ချစ်မီးပွား၍နေသည်ကို တွေ့ရ၍ ပေးစားခြင်း။

« ထီ »

ထီးဆောင်းမင်း ၁၀၁-ပါး။ ။ ၎င်းင်းသရုပ်ကို (မင်းတစ်ရာ့တစ်ပါး)၌ ကြည့်ပါလေ။

ထီးတော်ထိပ်ဖျား၊ ငှက်မြတ်နား၊ ၄-ပါး ငှက်မျိုးထင်။ ။ ၎င်းင်း၏သရုပ်ကို (ငှက်မြတ်နားတွင် ထုံးတမ်းဝင်၊ ၄-အင်ငှက်မျိုးသိ)ဟူသော စကားရပ်၌ ပြခဲ့ပြီ။

ထီးဖြူတော်မျိုး ၄-စင်း။ ။ မင်းမြောက်တန်ဆာငါးပါး အ၀င်ဖြစ်သည်။ ရာဇဘိသေက ကျမ်းမှ။
(၁) ထီးရွက်ကိုးဆင့် ထီးရိုး ဆယ်တောင်ရှိသော 'န၀ဒဏ္ဍထီး'၊
(၂) ထီးရွက် အမှတ်မရှိ ထီးရိုးခြောက်တောင်ရှိသော 'မနောဟရထီး'၊
(၃) ထီးရွက်အမှတ်မရှိ ထီးရိုးငါးတောင်ရှိသော 'အာတပတြထီး'၊
(၄) ထီးရွက်အမှတ်မရှိ ထီးရိုးလေးတောင်ရှိသော '၀ိဇယတြထီး'။
မှတ်ချက်။ ။ ရှေ့သုံးစင်းကား ရာဇပလ’င်မှာဆောင်းသော ထီးတော်များဖြစ်၏။ ၀ိဇယတြထီးကား ယွန်းကြွ စက်ချီတော်မူရာစသည်တို့၌ အမြဲဆောင်ဆောင်းသော ထီးတော်ဖြစ်၏။

ထီးဖြူတော် ၄-စင်း၊ တစ်နည်း။ ။ မင်းခဏ်းလင်္ကာ ကဗျာစာတမ်းတို့၌
'ကနကဒဏ်၊ ထီးမွန် ၂ စင်း၊ ၀င်းဝင်းလျှံပတ်၊ တမွတ်နှစ်ဆူ၊ ရောင်မူညီးညီး၊ ယာဉ်ထီးလေးပါး'ဟု စပ်ဆိုလာကြ၏။
မှတ်ချက်။ ။ ယာဉ်ထီးဟူရာ၌ ဧကရာဇ်မင်းမြတ်တို့စီးသော ဆင်ယာဉ် ရထားယာဉ် လှေယာဉ် သုံးပါး၌ ထီးဖြူတော်များ စိုက်ဆောင်ရသည်ကိုစွဲ၍ 'ယာဉ်ထီး' ခေါ်တွင်စေသည်။

ထီးဖြူတော် ၈-စင်း။ ။ ဒိသာဇေယျကျမ်းလာ ထီးဖြူတော် ရှစ်ဖြာဟူ၏။
(၁) ကနက္ကဒဏ် ထီး၊
(၂) သူရိယထီး၊
(၃) ပဒုမာထီး၊
(၄) သမုတိထီး၊ ဟူ၍ လက်ဝဲထီးလေးစင်း၊
(၅) ကမ္ဗုထီး၊
(၆) စန္ဒထီး၊
(၇) ကုမုဒထီး၊
(၈) ၀ိသကြုံထီးဟူ၍ လက်ယာထီး ၄-စင်းအားဖြင့် ရှစ်စင်းထီးဖြူ မှတ်ယူရာ၏။

« ထု၊ ထူ »

ထုံးမြိတ် ၅-ပါး၊ ဥခေါင်းဖျား၊ ထားငြားဆံပင်ရှည်။ ။ ၎င်းင်းသရုပ်ကို (မြန်မာ့ဦးစွန်း၊ ၅-မျိုးထွန်း)ဟူသော ပုစ္ဆာ၌ ရှုပါ။

ထူပါရုံတည်ထားထိုက်သော ပုဂ္ဂိုလ် ၄-မျိုး။ ။ ထူပါရဟ ပုဂ္ဂလ ၀ဏ္ဏနာသုတ် မဟာဝါ။ ပါ။ ၁၁၇ ။ဋ္ဌ။ ၁၇၅။ ၎င်းင်းသရုပ်ကို (စေတီထိုက်သော ပုဂ္ဂိုလ် ၄-ဦး)၌ ရှုပါ။

« ထေ »

ထေယျာသံဝါသကမျိုး ၃-ပါး။ ။ ရဟန်းပြုမပေးကောင်းသော ထေယ်ခိုး ၃-ယောက်ဟူလို။
(၁) လိင်္ဂ ထေနက-ဆရာ ဥပဇ္ဈာယ်မရှာ၊ ကိုယ့်ဟာကိုယ် သင်္ကန်းဝတ်စည်း၍ ရဟန်း ကိုရင် အသွင်ခိုးဆောင်နေသောသူ၊
(၂) သံဝါသ ထေနက- ရဟန်းဟုဝန်ခံ၍ ရဟန်းကောင်းတို့နှင့် ပေါင်းဖေါ်နေထိုင်သော သာမဏေ၊
(၃) ဥဘယ ထေကန- အထက်ပါ ၂-မျိုးလုံးကို ခိုးသောသူ။

ထေယျာဝဟာရာ၊ ခိုးနည်းလာ၊ ၅-ဖြာအဘယ်နည်း။ ။ ၎င်းင်းသရုပ်ကို (ခိုးခြင်း ၂၅-ပါး)၌ ရှုပါကုန်။

ထေရ်ပြုခံထိုက်ခြင်း အင်္ဂါ ၄-ပါး။ ။ ရိုသေလေးစား ကြီးသူအရာ၌ တင်ထားထိုက်သူ၏အင်္ဂါ ၄-ပါး ဟူ၏၊ စတုကင်္ဂုတ္တရ။ ပါ။ ၃၃၁၊ ဋ္ဌ။ ၂၆၆။
(၁) သီလ၀ါ- ကိုယ်ကျင့်သီလရှိခြင်း၊
(၂) ဗဟုဿုတ- ပရိယတ် အကြားအမြင်များရခြင်း၊
(၃) ဈာနလာဘီ- ဈာန်အဘိညာဉ် ရရှိရခြင်း၊
(၄) ခီဏာသ၀- အာသ၀ကုန်ခန်း ရဟန္တာဖြစ်ရခြင်း။
ဤ ၄-ပါးတွင် အနည်းဆုံး (၁) (၂) - အင်္ဂါရှိထားရမည်။

ထေရ်မျိုး ၃-ပါး။ ။ ရဟန်းတော် အမျိုးအတန်းစား ၃-ပါး။
(၁) အနုထေရ်- ပဉ္စင်းခံသည်မှစ၍ ဆယ်ဝါအထိ ထေရ်ငယ်၊
(၂) မဇ္ဈိမထေရ်- ဆယ်ဝါမှ ၀ါနှစ်ဆယ်ထိ ထေလတ်၊
(၃) မဟာထေရ်- ၀ါနှစ်ဆယ်မှစ၍ အထက်သည်ကား ထေရ်ကြီး၊ မဟာထေရ် မည်၏။

ထေရ်မျိုး ၃-ပါး၊ တစ်နည်း။ ။ သုတ်ပါထေယျ။ ပါ။ ၁၈၂။ ဋ္ဌ။ ၁၈၁။ ကြီးမြတ်သောသူမျိုး ၃-ပါး။
(၁) ဇာတိထေရော- ဇာတ်အားဖြင့်ကြီးမြတ်သူ၊
(၂) ဓမ္မထေရော- တရားဓမ္မ ဂုဏ်အားဖြင့် ကြီးမြတ်သူ၊
(၃) သမုတိထေရော- အကြီးအကဲဟု သမုတ်ခြင်းအားဖြင့် ကြီးမြတ်သူ။

ထေရာဝါဒ ၅-နိုင်ငံ။ ။ ပိဋကတ်သုံးပုံ- အဋ္ဌကထာ၌လာသော တိပိဋက စူဠနာဂထေရ်၊ မဟာသုမထေရ်၊ မဟာပဒုမထေရ် စသော မထေရ်မြတ်တို့၏ ပိဋကတ်တော်လာ အယူဝါဒ၊ ထိုထေရ်တို့၏အယူဝါဒကို သံဂါယနာ(ဆဋ္ဌ)အထိ ခံယူအတည်ပြု လေးစားရိုသေကြကုန်သော နိုင်ငံတော်များ။
(၁) မြန်မာနိုင်ငံတော်၊
(၂) သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံတော်၊
(၃) ယိုးဒယား (ထိုင်းလင်း)နိုင်ငံတော်၊
(၄) ကမ္ဗောဒီးယားနိုင်ငံတော်၊
(၅) လာအို(လော) နိုင်ငံတော်။

« ထွ »

ထွက်လေ၀င်လေမရှိသူ ၈-ယောက်။ ။ ၎င်းင်းသရုပ် (အသက်မရှူသူ ၈-ယောက်)၌ ရှုပါ။

No comments:

Post a Comment